ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(နောက်တိုး)များအား ပထမအကြိမ် ထောက်ပံ့ငွေများပေးအပ်

ကျိုင်းတုံ ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ကတ်တောင်ကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (နောက်တိုး)များသို့ တာဝန်ရှိသူများမှ  ပထမအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် ပေးအပ် သည်။

ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းရွှေအောင်၊ ကတ်တောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းရှဲန်နှင့် တာဝန်ရှိသူများက ကတ်တောင် ကျေးရွာအုပ်စုရှိ ဟိုဝိန်း၊ ယန်းဆော်၊ ဝမ်ကန်း၊ ဟွေပွန်း၊ ပါဆမ်၊ ဟိုနား၊ ကတ်တောင်းနှင့် ယန်းဟုတ်ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား နောက်တိုးအိမ်ထောင်စု စုစုပေါင်း (၁၀၀)စုအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်ခဲ့ကြသည်။

အလားတူ ကျိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၃၈)အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (နောက်တိုး) ၆၇၉၉ စုအတွက် (ပထမအကြိမ်) ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၃၅၉၈၀၀၀၀)အား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူတို့က အချိန်နှင့်တပြေးညီ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စုဝင်များအား အခြေခံစားသောက်ကုန် ()မျိုး တစ်ကြိမ်၊ ငွေကျပ် ၁၅၀၀၀ တစ်ကြိမ်၊ ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် လေးကြိမ်ထောက်ပံ့ပေးခဲ့ပြီး အဆိုပါ ထောက်ပံ့မှုများ တွင် မရရှိခဲ့သည့်  နောက်တိုးအိမ်ထောင်စုများအား ယခုပထမအကြိမ် ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှသိရသည်။

 

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)