ကျောက်တန်း ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အား ထောက်ပံ့ ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်ကျောက်တန်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားရာတွင် ယခင်က ထောက်ပံ့ရာတွင် ကျန်ရှိခဲ့သည့် ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့တာဖြစ်ပါကြောင်း၊ ထောက်ပံ့ရာတွင်လည်း အမှန် ထောက်ပံ့ရမည့် အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးရန် လိုအပ်ပါကြောင်း၊ ကျောက်တန်းမြို့နယ်တွင် ကျေးရွာအုပ်စု (၅၈)အုပ်စု ရှိသော်လည်း (၅၇) အုပ်စုမှ အိမ်ထောင်စု(၁၂၅၇၈)စု လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အိမ်ထောင်စု (၁၂၅၇၈)စု အတွက် တစ်အိမ်ထောင်လျှင် (၄၀၀၀၀) ကျပ် နှုန်းဖြင့် ထောက်ပံ့ကြေးငွေများကို အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ခြင်းများကို မြို့နယ်ဌာန ဆိုင်ရာကြီးကြပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဆက်လက် ထောက်ပံ့ပေးသွားရန်ဖြစ်ပါကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်မှ ထောက်ပံ့ငွေများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ထောက်ပံ့ငွေများအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပြည်သူများ လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)