ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိ ပေးနှိုးဆော်

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၂၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းကို ယမန် နေ့ ညပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွား စေရေး ကြိုတင်ကာကွယ်ရန်အတွက် မီးဖိုမီးနှင့် လျှပ်စစ်မီးများကို အထူး ဂရုပြုသုံးစွဲရေး၊ ဟောင်းနွမ်း ဆွေးမြေ့နေသည့် လျှပ်စစ်ဝါယာကြိုးများအား အသစ်လဲလှယ် အသုံးပြုရေး၊ ညအိပ်ချိန်တွင် ဖယောင်းတိုင်၊ ခြင်ဆေးခွေ စသည်တို့ကို သေချာစွာ ငြှိမ်းသတ်ရေး၊ အမှိုက်များနှင့် မြက်ခြောက်များအား မီးရှို့ခြင်းမပြုလုပ်ရန်နှင့် နေအိမ်တိုင်း မီးသတ်ဆေး ဘူး ထားရှိရေးတို့ကို ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုးဆော်လျက်ရှိပြီး မြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝစေရေး အမြဲမပြတ် လေ့ကျင့်ခြင်းနှင့် မီးသတ်စခန်းရှိ မီးငြှိမ်းသတ်ရေးယာဉ် များ ကြံ့ခိုင်ရေးတို့ကို နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)