သီပေါ ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာ အသိ ပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ သီပေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ဖြူဦးက ကျေးလက်နေ ပြည်သူများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ အဆိုပါသင်တန်းအား ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ တိရစ္ဆာန်များကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် ကာကွယ်ခြင်းနှင့် ကုသခြင်း နှစ်မျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသတွင်း တောင်သူများ မွေးမြူထားသော ကျွဲ/နွားများတွင် ဖြစ်တတ်သော ခွာနာလျှာနာ၊ ပေါင်ပုတ်လက်ပုတ်၊ ဒေါင့်သန်းနှင့်၊ လည်ချောင်း ကွဲခြင်း စသည့် ကူးစက်ရောဂါများ၊ ဝက်များတွင် ဖြစ်တတ်သော ဝက်ဝမ်းကျ၊ ဝက်ပုလိပ် စသည့်ရောဂါများ၊ ကြက်များတွင် ဖြစ်တတ် သော ကြက်ဝမ်းကျ၊ ကြက်လည်လိမ် စသည့်ရောဂါများ အကြောင်းကို အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်၍ အသားစားသုံးသူ ပြည်သူများ ဘေးကင်းလုံခြုံသည့် အသားများ၊ သန့်ရှင်းလတ်ဆတ်သော အသားများ စားသုံးရ စေရန်အတွက် အများပြည်သူ စားသုံးရန် သတ်ဖြတ်မည့် တိရစ္ဆာန်၏ ကျန်းမာရေးကိုစစ်ဆေးခြင်း၊ သတ်ဖြတ်ပြီး စားသုံးကုန် ဖြစ်မည့် အသားများကို စစ်ဆေးခြင်း လုပ်ငန်းများကိုလည်း အသိပညာပေး ပြောကြားခဲ့ပြီးနောက် ဝန်ထမ်းများက မွေးမြူရေး ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကာ သင်တန်းအား ဆက်လက် သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါ သင်တန်းတွင် သီပေါမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅ အုပ်စုမှ မွေးမြူရေးတောင်သူ ၂၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၃ ရက် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)