သီပေါ ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများရွေးချယ် ရာတွင် လိုက်နာဆောင်ရွက်ရမည့် အစီအစဉ်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းများကို ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ကြီးကြပ်ရေးဆိုင်ရာအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဆိုင်ရာဥပဒေ၊ နည်းဥပဒေများပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များ ရွေးချယ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အစီအစဉ်များကို အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)