ရွာငံဒေသတွင်း သဘာဝအရင်းအမြစ်များကို အခြေခံ၍ စိုက်ပျိုးစီးပွားနှင့် ခရီးသွားလာမှုများ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားမည်

ရွာငံ    ဇန်နဝါရီ    ၂၉

တိုးတက်လာသော လူဘောင်လောကတွင် ခရီးသွားခြင်း လုပ်ငန်းသည်လည်း လူအများ ပိုမိုစိတ်ဝင်စားလာကြပြီး ကျယ်ပြန့်လာသည်။ အလည်အပတ်ခရီးသွားခြင်း လုပ်ငန်းများတွင် နိုင်ငံခြားသား ဧည့်သည်များဖြစ်စေ၊ နိုင်ငံတွင်း၊ ဒေသတွင်း ဧည့်သည်များဖြစ်စေ သွား ရောက် လည်ပတ်သူတို့၏ စိတ်အသွင်ကို အေးမြလန်းဆန်းစေပြီး ကြည်နူးမှုအစုံကို ရရှိခံစားနိုင်စေသည့် တန်းခိုးကြီး စေတီပုထိုးများ သာယာလှပသည့် ရှုခင်းအလှများ၊ ထင်ရှားကျော်ကြားသော နေရာဒေသ အသီးသီးသို့ သွားရောက်လည်ပတ်နေကြလေ့ရှိသည်။

ထိုသို့ လည်ပတ်ကြရာတွင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် အပျိုစင်ဒေသ ရွာငံမြို့နယ် တစ်ခွင်လည်း လာရောက်လည်ပတ်သူ များပြားကြသည်။ ခရီးသွား လုပ်ငန်းများနှင့် ပတ်သက်၍ ရွာငံမြို့နယ်ခရီးသွား ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ (YTO) ခရီးသွား လုပ်ငန်းနှင့် ပတ်သက်သည်များကို ခုလိုပြောကြားပါသည်။ ရွာငံမြို့နယ် ခရီးသွားဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ဝင် ခရီးသွား တာဝန်ခံ ဒေါ်မိုးမိုးနိုင်နှင့်အတူ မြို့နယ်ထွေအုပ်၊ မြို့နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များ စားသောက်ဆိုင်လုပ်ငန်းရှင်များ ကျေးလက်ဒေသ လူငယ်မောင်မယ်များနှင့်အတူ ရည်ရွယ်ချက် ရည်မှန်းချက်များဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။

ခရီးသွားလုပ်ငန်း တိုးတက်အောင်ဆောင်ရွက်ရာတွင် ဒေသတွင်း သဘာဝအရင်းအမြစ် များကို အခြေခံပြီး  စိုက်ပျိုးစီးပွားနှင့် ခရီးသွားလာမှု လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝ ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း အားဖြင့် ခရီးသွားနှင့် အခြား အလုပ်အကိုင် အခွင့်အလန်းများတိုးတက်စေရန်၊ ဒေသတွင်းရှိခရီးစဉ် အသစ်များအတွေ့အကြုံ အသစ်များကို ဒေသခံများ အသင်းအဖွဲ့များ အစိုးရအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် ရှာဖွေဖော်ထုတ်ပြီး ကမ္ဘာလည့်ခရီးသွားများ၊ နိုင်ငံတွင်းခရီးသွားများ စိတ်ဝင်စားမှုနှင့် ကမ္ဘာအလယ်မှာ ခရီးသွားမြို့အဖြစ် ထင်ရှားပေါ်လွင် လာစေရန် ဆောင်ရွက် လျက်ရှိသည်။ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟို၊ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (ITC) နှင့် ချိတ်ဆက်ဆွေးနွေးနိုင်ခဲ့ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေရန် ထောက်ပံ့ကူညီမှုများနှင့်အတူ Tea and Coffee Cluster Project (၂၀၂၀-၂၀၂၁) နှစ်နှစ်စီမံကိန်းကို စတင်အကောင် အထည်ဖော်ရန် သဘောတူညှိနှိုင်းနိုင်ခဲ့သည်။

ဆက်လက်၍ ITC နှင့်  YTO တို့ပူးပေါင်းပြီး ရွာငံဒေသတွင်း ခရီးစဉ်များရှာဖွေဖော်ထုတ်ခြင်း လက်ဖက်နှင့်ကော်ဖီ ခရီးစဉ်ဖြစ် ပေါ်လာရေး သင်တန်းများကို့ချခြင်း တန်ဖိုးမြင့်ထုတ်ကုန် များဖြစ်ပေါ်လာရေး၊  ဧည့်လမ်းညွှန်နှင့် ဧည့်ဝန်ဆောင်မှုတို့က ခြောက်လစော၍ ပူးပေါင်းနိုင်ခဲ့ သည်။ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍  YTO အဖွဲ့မှ ရွာငံဒေသအားခရီးသွားမြို့ အဖြစ် လူသိများလာစေရန် ရည်ရွယ်ကာ ခရီးသွားမြင့်တင်ရေးအစီအစဉ်အဖြစ် မီနီမာရသွန် မီတာ ၁၀၀၀၀ ဖိတ်ခေါ် အပြေးပြိုင်ပွဲ အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်ပြိုင်ပွဲ လမ်းကြမ်း အပြေး ပြိုင်ပွဲကြီးကို နိုင်ငံပေါင်း ၂၀ ကျော်မှ အပြေး အားကစား သမားများ ပြည်တွင်းအပြေးသမားများ ပါဝင်၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒေသထွက်ကုန် လက်ဖက်ကော်ဖီ များကိုလည်း ပင်းတယ လက်ဖက်ဈေးရောင်းပွဲတော်တွင် ရောင်းချနိုင်ခဲ့သည်။

၂၀၂၀ မတ်လကုန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သင်တန်းများရပ်နားခဲ့ရပြီး ကိုဗစ်-၁၉ အလွန်မှာတော့ စည်းကမ်းများနှင့် အညီ ဧည့်ဝန်ဆောင်မှုနှင့် ဧည့်လမ်းညွှန်သဘာဝဝန်းကျင် ထိန်းသိမ်းရေး စားသောက်ဆိုင်ဆိုင်ရာ ဘေးကင်းလုံခြုံမှုနှင့် ရေးဦးသူနာပြုဆိုင်ရာများ ဒေသတွင်း ထွက်ကုန်များ တန်ဖိုးမြင့်ကုန်များဖြစ်ပေါ်လာရေး ရိုးရာဓလေ့လက်မှုပညာနှင့် ယဉ် ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး မြစေတီစံပြကျေးရွာ (CBT) ဖြစ်ပေါ်လာ ရေးစသည်တို့ကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  YTO အထွေထွေအတွင်းရေးမှူး ဦးကျော်သန်းထံမှ သိရသည်။         

ထွန်းထွန်းဝင်း(ရွာငံ)