ရွှေကူ ဇန်နဝါရီ ၂၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ အား ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့သည်။
အဆိုပါ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ဦးလျှင် ထောက်ပံ့ငွေ(၃၀၀၀၀) ကျပ်နှုန်းဖြင့် ရွှေကူမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ(၂၆၉) ဦးအတွက် ထောက်ပံ့ငွေ (၈၀၇၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ကြီးဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)