မူဆယ်မြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ

 

မူဆယ်  ဇန်နဝါရီ  ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသ၌ တာဝန်ထမ်းဆောင်ကြသော ကျန်းမာရေးဝန်ထမ်းများကို ယမန်နေ့၊ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများစတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်က အားကစားနှင့် ကျန်းမာရေးဝန်ကြီး ဌာနလက်အောက်ရှိ နိုင်ငံ့ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မူဆယ်ခရိုင်၊ ခရိုင်ပြည်သူ့ဆေးရုံမှ သိရသည်။

“မူဆယ်မြို့မှာ ပထမဦးဆုံးကာကွယ်ဆေးထိုးနှံခြင်းနဲ့ပတ်သက်ပြီး ပြောရရင် လောလောဆယ်နာကျင် ကိုက်ခဲမှုလည်း မရှိပါဘူး၊ နောက်သူများတွေပြောနေတဲ့ မူးဝေတာတွေလည်း မခံစားရပါဘူး၊ ကာကွယ်ဆေး ထိုးနှံခြင်းရဲ့ အခြေအနေက တော်တော်ကောင်းမွန်ပါတယ်၊ အဓိကပြောရရင် ပထမဦးဆုံး ကာကွယ်ဆေးထိုးခွင့် ရရှိတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ ကာကွယ်ဆေးတွေ လှူဒါန်းပေးကြတဲ့ သက်ဆိုင်ရာအလှူရှင် အားလုံးကို ကျေးဇူးတင်ရှိပါတယ်”လို့ မူဆယ်ခရိုင်၊ ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာ ဟန်နိုင်စိုးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

မူဆယ်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အလုံးစုစုပေါင်း(၃၀)ရရှိပြီး မူဆယ်မြို့၊ ပြည်သူ့ဆေးရုံ မှ ဒေါက်တာဟန်နိုင်စိုးနှင့် သူနာပြု ဆရာမကြီးမစ္စတာကြီးဒေါ်နန်းလှလှခင်တို့က ပထမဆုံး ထိုးနှံသည်။ ဆက်လက်ပြီး မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းဆေးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနှင့် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနတို့မှ ဝန်ထမ်းစုစုပေါင်း(၂၈၉)ဦးတို့ကို အုပ်စု(၂)ခုခွဲ၍ စတင်ထိုးနှံပေးလျက်ရှိသည်။

“ကာကွယ်ဆေးထိုးနှံပေးပြီးနောက်မှာ တော်တော်များများက နားလည်သွားနိုင်မယ်လို့ ယူဆပါတယ်၊ အထူးသဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို လူတိုင်းထိုးနှံသင့်တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်၊ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ကာကွယ်ဆေးကို ထိုးနှံသင့်ပါတယ်”လို့ ဒေါက်တာဟန်နိုင်စိုးက ဆက်လက်ပြောကြား သည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ဆီးချို၊ သွေးချိုနှင့် အောက်ဆီဂျင်တိုင်းတာပေးခြင်း တို့ကို စနစ်တစ်ကျဆောင်ရွက်ခဲ့ပြီးမှသာလျှင် ကာကွယ်ဆေးများကို စတင် ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးနောက် နာရီဝက်ခန့် စောင့်ကြည့်ခြင်းများဆောင်ရွက်သည်။

မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ဗဟိုမှ သတ်မှတ် ထားသော ဦးစားပေးအုပ်စုများအား ညွှန်ကြားချက်နှင့်အညီ ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရပြီး ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပါက သတ်မှတ်လမ်းညွှန်ချက်အတိုင်း အဆင့်ဆင့် ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း မြို့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)