လမ်းမတော် ဇန်နဝါရီ ၂၉
ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အကောင်အထည်ဖော်ရေး အတွက် အစိုးရ-ပုဂ္ဂလိက ညှိနှိုင်းဆွေးနွေးပွဲများကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစ၍ အပတ်စဉ် တစ်ပတ်လျှင် (၂)ကြိမ် ကျင်းပလာခဲ့ရာ (၁၁) ကြိမ် မြောက် ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် အသေးစား၊ အလတ်စားလုပ်ငန်းများ ကဏ္ဍ၊ စီးပွားရေးနှင့်နည်း ပညာပူးပေါင်း ဆောင်ရွက် ရေးတို့နှင့် စပ်လျဉ်း၍ ဦးသောင်းဦး (ညွှန်ကြားရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦး စီးဌာန)နှင့် ဒေါ်အိအိခိုင် (ညွှန်ကြားရေးမှူး၊ နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဦးစီးဌာန)တို့မှ ရှင်းလင်းဆွေး နွေးခဲ့ကြသည်။
RCEP သဘောတူစာချုပ်မှ ရရှိမည့် အခွင့်အလမ်းများ၊ အကျိုးကျေးဇူးများကို အသေးစားနှင့် အလတ်စားလုပ်ငန်းများမှလည်း ခံစားရရှိ နိုင်ရန်အတွက် လုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက် အလက်များကို အသေးစားနှင့် အလတ်စား လုပ်ငန်းများအနေဖြင့် အလွယ်တကူ ရယူနိုင်ရန်၊ အသုံးချနိုင်ရန်တို့အပြင် စာချုပ်ပါ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်၊ ဈေးကွက်ရရှိရေးနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ဆောင်ရွက်မည့် အစီအစဉ်များအား သိရှိစေရန် ရည်ရွယ်၍ ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
ထို့အပြင် စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စွမ်းဆောင်ရည်မြှင့်တင် မှုနှင့် နည်းပညာအထောက်အပံ့များကို ဦးစားပေးဆောင်ရွက်ရန် အစီအစဉ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီးနောက် အနှစ်ချုပ် ပြန်လည် ဆွေးနွေးခြင်းနှင့် ရှေ့တွင် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအား ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် (နိုင်ငံခြားစီးပွားဆက် သွယ်ရေးဦးစီးဌာန)မှ တင်ပြဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးဝေဖြိုးနှင့် ဦးသောင်းတင်၊ အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ၊ အမှုဆောင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာစီးပွားရေးအသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ကျော်ဆန်းမြင့် (လမ်းမတော်-ပြန်/ဆက်)