သာစည် ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေး ပွဲနှင့်စံပြ မြစိမ်းရောင် ကျေးရွာဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမိုးမြင့်သိန်းက အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးဦးကျော်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက် နေမှုများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီးစံပြမြစိမ်းရောင်ကျေးရွာပထမ ဆုရရှိသောချမ်းသာကြီးကျေးရွာ၊ ဒုတိယဆုရရှိသော ဘုရားကုန်းကျေးရွာနှင့် တတိယဆုရရှိသော သမန်းကန် ကျေးရွာတို့ကိုတာဝန်ရှိသူများက ဆုများချီးမြှင့် ပေးပြီး ကျန်ကျေးရွာများအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ ထို့နောက်မြစိမ်းရောင်ကျေးရွာကော်မတီများက အဖွဲ့များဖွဲ့ပြီး စီမံကိန်းဆောင်ရွက်ရာတွင်ကြုံတွေ့ရသော အခက်အခဲများ၊စိန်ခေါ်မှုများ အားသာချက်အားနည်းချက်များကို ဆွေးနွေးကြကြောင်းသိရသည်။ သာစည်မြို့နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ၃၉ ယူနစ်ကျေးရွာ ၄၆ ရွာတို့က မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (နည်းပညာ) ဦးထွန်းကျော်ဇော၊ မြို့နယ်မြစိမ်းရောင် အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီဝင်များနှင့် မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌများ တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်း(ပြန်/ဆက်)