ကျိုင်းတုံ ဇန်နဝါရီ ၂၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနသည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ကျိုင်းတုံမြို့နယ်အတွင်း၊ ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများထံ အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ရာတွင် ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာအုပ်စုရှိ ဘိုးဘွား(၂၁)ဦးအတွက် တစ်ဦး လျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ဇန်နဝါရီ ၂၈ ရက်က ကတ်တောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်အထက် ဘိုးဘွား(၇၇၃)ဦး အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀,၀၀၀ နှုန်း၊ အသက် (၁၀၀)နှစ်အထက် ဘိုးဘွား(၁၈)ဦးအတွက် ထောက်ပံ့ငွေကျပ် (၆၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ဘိုးဘွား (၇၉၁)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)