မိုးမိတ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

မိုးမိတ်     ဇန်နဝါရီ    ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ စုရပ်ပြုလုပ်၍ ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများမှ ဝန်ထမ်းများ ၊ ကျေးလက်ကျန်းမာရေးဌာနများမှ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း ၁၆၂ ဦးကို ထိုးနှံပေးသွားမည်ဖြစ်သည်။ ထိုသို့ ထိုးနှံရာတွင် ရှေးဦးစွာ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း ၊ စာရင်းသွင်းခြင်းတို့ ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် မိနစ်(၃၀) စောင့်ကြည့်ခြင်းတို့ကို Social Distancing နှင့်အညီ ဆောင်ရွက်ခဲ့ပြီး ကိုယ်ဝန်ဆောင်များနှင့် လတ်တလောဖျားနာနေသူများကို  ကာကွယ်ဆေးထိုး နှံပေးခြင်း မရှိကြောင်း သိရသည်။ ဆေး(၁)လုံးကို လူဆယ်ဦး ထိုးနှံရခြင်း ဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးပြီးသွားလျှင်လဲ ပေါ့ပေါ့ဆဆမနေသင့်ဘဲ နှာခေါင်းစည်း တပ်ခြင်း၊ အပြင်မှ ပြန်လာလျှင် လက်ဆေးခြင်းတို့အပြင် ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ  ယာယီ တာဝန်ခံ ဒေါက်တာဆွေဆွေအောင်က ပြောကြားခဲ့သည်။

မိုးမိတ်သား(စည်သူဌေး)