သာစည် ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြမြစိမ်းရောင်ကျေးရွာဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်သိန်းက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး စံပြမြစိမ်းရောင်ကျေးရွာပထမဆုရရှိသော ချမ်းသာကြီးကျေးရွာ၊ ဒုတိယဆုရရှိသော ဘုရားကုန်းကျေးရွာနှင့် တတိယဆုရရှိသော သမန်းကန်ကျေးရွာတို့ကို တာဝန်ရှိသူများကဆုများချီးမြှင့်ပေးပြီး ကျန်ကျေးရွာများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။
ထို့နောက်မြစိမ်းရောင်ကျေးရွာကော်မတီများက အဖွဲ့များဖွဲ့ပြီး စီမံကိန်းဆောင်ရွက်ရာတွင်ကြုံတွေ့ရသော အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက်အားနည်းချက်များကို ဆွေးနွေးကြကြောင်းသိရသည်။ သာစည်မြို့နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ၃၉ ယူနစ်၊ ကျေးရွာ ၄၆ ရွာတို့က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းကျော်ဇော၊ မြို့နယ်မြစိမ်းရောင်အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဝင်များနှင့် မြစိမ်းရောင်ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများတက်ရောက်ကြကြောင်းသိရသည်။
ထွန်းထွန်း(ပြန်/ဆက်)