ကော့မှူး၌ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ကော့မှူး ဇန်နဝါရီ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ် ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက မကျီးကန် ကျေးရွာ တောင်ပေါ်ကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ဝင်းတို့က အဖွင့် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျေးလက်‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွှန်ဇော် က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုင်ငံတော်ရန်ပုံငွေဖြင့် မြစိမ်းရောင် ကျေးရွာ စီမံကိန်းအား ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာနှစ် မှစ၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်ကျေးရွာ (၂၂)ရွာရှိပြီး အဆိုပါကျေးရွာများတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ စီမံကိန်း၏ အားနည်း ချက်၊ အားသာချက်များနှင့် မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်း လင်းပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသော မြစိမ်းရောင်စီမံကိန်းကျေးရွာ (၂၂)ရွာအားအဖွဲ့ (၃)ဖွဲ့ခွဲ၍ စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းနှင့် ရန်ပုံငွေထုတ်ချေးခြင်း၊ စီမံကိန်းရန်ပုံငွေများ ဆုံးရှုံးမှုမဖြစ် ပေါ်စေရေးနှင့် ပတ်သက်သည့် ကိစ္စများဆွေး‌နွေးခြင်း၊ စောင့်ကြည့်စစ်ဆေး ခြင်း နှင့် အကဲဖြတ် ခြင်းတို့အား သုံးသပ် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အား ကျန်းမာရေးနှင့် အားကစား‌ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ ကော့မှူး