နောင်မွန် ဇန်နဝါရီ ၂၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ၊ မြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ကျန်းမာရေး ဝန်ထမ်းများအား Covisheild ကာကွယ်ဆေး စတင်ထိုးနှံခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာရန်ပိုင်စိုးက ယခုဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါကိုကာကွယ်နိုင်ရန်နှင့် မိမိဝန်ထမ်းများရောဂါကင်းပြီး မိမိထမ်းဆောင်နေသည့် လုပ်ငန်းများအောင်မြင်စွာလုပ်ကိုင်နိုင်ရန် ရည်ရွယ်ကြောင်း ပြောကြား သည်။
ထို့နောက်Covisheild ရောဂါကာကွယ်ဆေး မထိုးမှီတွင်လည်း စာရင်းသွင်းခြင်း၊ အဖျားတိုင်းခြင်း၊ သွေးပေါင်ချိန်ချိန်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း၊ COVID-19ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သင်တန်းရရှိပြီးသော ဆရာမများမှ ကာကွယ်ဆေး ထိုးနှံခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပြီးပါက ပြင်းထန်သောကာကွယ်ဆေးနှင့်ဓာတ်မတည့်ခြင်းသည် ထိရောက်မြန်ဆန်သော ကုသမှု မရှိပါက အသက်သေဆုံးနိုင်ပါကြောင်း၊ ဖြစ်ပွားလာလျှင် စောစီးစွာသိရှိရန်နှင့် ထိရောက်သောကုသမှုကို အမြန်ဆုံး ပေးနိုင်ရန်လည်း ကြိုတင်ပြင်ဆင် ထားကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးသည့်နောက်တစ်ဦးချင်းစီကို အနည်းဆုံးနာရီ ဝက်ခန့် စောင့်ဆိုင်းစေခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်းသိရှိရသည်။
အဆိုပါ Covisheild ဆေးထိုးခြင်းကိုနှစ်ကြိမ် ထိုးနှံရမည်ဖြစ်ကြောင်း၊ ယခုပထမအကြိမ်ထိုးနှံပြီး ဒုတိယအကြိမ်အား ၂၈ ရက်ခြားပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြန်လည် ထိုးနှံသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာ ရေးဌာနမှသိရှိရသည်။
မြနန်း(ပြန်/ဆက်)