မိုင်းယုမြို့၌ Farmer To Farmer အစီစဉ်ဖြင့် စိုက်ပျိုးမှုများ အောင်မြင်

မိုင်းယု      ဇန်နဝါရီ      ၂၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် တောင်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြသည့် ကြက်သွန်၊ ငရုတ်၊ အာလူး၊ ခရမ်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ဆလပ်၊ မုန့်ညင်း၊ ဖရုံနှင့် ပဲအမျိုးမျိုးစသည့် ဆောင်းသီးနှံပင်များ အောင်မြင်ဖြစ်ထွန်းကြကာ ရောင်းချခြင်းဖြစ် မိသားစုအပိုဝင်ငွေရရှိ အဆင်ပြေနေကြကြောင်း သိရသည်။

မိုင်းယုမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း တောင်သူများအနေဖြင့် ဟင်းသီးဟင်းရွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့များ ဖြန့်ဝေပေးခြင်း၊ ကျေးရွာရှိတောင်သူတို့၏ စိုက်ပျိုးမြေသို့ ကွင်းဆင်း သွားရောက်ပြီး တောင်သူများနှင့်ပူးပေါင်းကာ နည်းပညာများပေးခြင်း၊ တောင်သူမိသားစုများကို တစ်ပိုင်တစ်နိုင်မှ စ၍ စီးပွားဖြစ်စိုက်ပျိုးနိုင်တဲ့အထိ ရည်ရွယ်ပြီး လက်တွေ့သရုပ်ပြမှုများ၊ ပိုးမွှားရောဂါ ကာကွယ်နည်းများ၊ ခူးဆွတ်စားသောက် ရာတွင် ဘေးကင်းလုံခြုံဖို့အတွက် ပိုးသတ်ဆေး သုံးစွဲနည်းများ၊ သဘာဝမြေဩဇာပြုလုပ်နည်းများ သိရှိနားလည်သည်အထိ ဘာသာပေါင်းစုံ နည်းပေါင်းစုံဖြင့် ပညာပေးလျက်ရှိကြောင်း၊ တောင်သူများအနေနဲ့လည်း ဟင်းသီးဟင်းရွက်များကို တစ်ပိုင် တစ်နိုင်စိုက်ပျိုး၍ ဒေသတွင်းသာမက တစ်ဖက်နိုင်ငံသို့ စီးပွားဖြစ်ရောင်းချနိုင်စေရန်အတွက် စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ကြုံတွေ့နိုင်သည့် အခက်အခဲများကို ကူညီဖြည့်ဆည်းနိုင်ရန် မည်သည့်အချိန်၊ မည်သည့်နေရာတွင်ဖြစ်စေ မိုင်းယုမြို့ စိုက်ပျိုး ရေးဦးစီးဌာနထံ လာရောက်အကူအညီ တောင်းခံနိုင်ပါကြောင်း မြို့စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးမင်းဦးကျော်က ပြောသည်။

မိုင်းယုမြို့တွင် တောင်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြသည့် ကြက်သွန်၊ ငရုတ်၊ အာလူး၊ ခရမ်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ဆလပ်၊ မုန့်ညင်း၊ ဖရုံနှင့် ပဲအမျိုးမျိုးစသည့် ဆောင်းသီးနှံပင်များကို တာကြန့်ကျေးရွာအုပ်စု၊ ဒွန်းနွဲ့နှင့် မိုင်းလွေကျေးရွာအုပ်စုတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး တောင်သူများကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်စိုက်ပျိုးပြီး တစ်ဖက်နိုင်ငံသို့ တင်ပို့ ရောင်းချခြင်းဖြင့် မိသားစုအတွက် အပိုဝင်ငွေများစွာရရှိကာ စိုက်ပျိုးနည်းပညာများလည်း ခေတ်နှင့်အညီ တိုးတက်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကိုကိုနိုင်(ပြန်/ဆက်)