ထန်းတပင်၌ အမှိုက်ကောက် Campaign အစီအစဉ်ကို အပတ်စဉ်ဆောင်ရွက်သွားမည်

ထန်းတပင်(ရန်ကုန်)၊ ဇန်နဝါရီ ၂၉

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်များကို စနစ် တကျ စွန့်ပစ်တက်စေရန် ရည်ရွယ်၍ We Love Htantabin လူထုအခြေပြု ပရဟိတအဖွဲ့ (ထန်းတပင်)မှ ဦးဆောင်ကာ အမှိုက်ကောက် Campaign အစီအစဉ် ကို မြို့နယ်အတွင်း အကောင်အထည်ဖော်ကာ ဆောင်ရွက်နေပြီး အပတ်စဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အဆိုပါ ပရဟိတအဖွဲ့မှ သိရသည်။

ထန်းတပင်မြို့နယ် သန့်ရှင်းသာယာလှပစေဖို့နဲ့ အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြစေဖို့ အတွက် အခုလို ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ ဒီလိုအမှိုက်ကောက် Campaign အစီအစဉ်ကိုလည်း အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့နေ့တိုင်းမှာ ဆောင်ရွက်သွား မှာပါ ပူးပေါင်းပါဝင် ဆောင်ရွက်လို ကြတဲ့ ပရဟိတအဖွဲ့များနဲ့ အခြားစိတ်ပါဝင်စားသူများ အနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ဟု လူထုအခြေပြု ပရဟိတအဖွဲ့ (ထန်းတပင်) မှ ပြန်ကြားရေး တာဝန်ခံ ကိုအောင်စုထက် က ရှင်းပြသည်။

We Love Htantabin လူထုအခြေပြု ပရဟိတအဖွဲ့(ထန်းတပင်)မှ ဦးဆောင်ကာ အမှိုက်ကောက် Campaign အစီအစဉ်ကို ဇန်နဝါရီလ(၂၄)ရက်နေ့က အမှတ်(၄)ရပ်ကွက်ရှိ ရန်နိုင်လင်းလမ်းတွင် ပထမ အကြိမ်မြောက်အဖြစ် စတင်ဆောင်ရွက်ခဲ့ကြကာ ပီတိရေစင် (သွေးအောက်စီဂျင်) ညီအစ်ကို များ ပရဟိတအဖွဲ့နှင့် စိတ်ထားဖြူစင် ပရဟိတအဖွဲ့ဝင်များမှ ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြ ကြောင်းလည်း သိရပြီး စည်းကမ်းတကျ အမှိုက်များ ပစ်စေဖို့အတွက်လည်း လူသွားလူလာများပြားသည့် လမ်းများတွင် အမှိုက်ပုံး များ ထားရှိသွား မည့် အစီအစဉ်များနှင့် အသိပညာပေး ဗီနိုင်းပိုစတာများ ထောင်ခြင်း လုပ်ငန်းများကိုလည်း ဆက်လက် ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ဇင်မင်းထိုက်(ပြန်/ဆက်)