မြစ်ကြီးနားမြို့နယ်၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု ဥပဒေ၊ ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေ ပြင်ဆင်သည့် နည်းဥပဒေများ နှင့်အညီ ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦး ရွေးချယ်

မြစ်ကြီးနား  ဇန်နဝါရီ  ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရွှေညောင်ပင်ရပ်ကွက်၌ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာများက ကြီးကြပ်ရေး အဖွဲ့ဝင်များအား စီစစ်ရွေးချယ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စံပယ်က ပြင်ဆင်ထားသည့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရေး၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရာ၌ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ စီစစ်ရွေးချယ်နိုင်ရေး ကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါက်တာ အင်ဘာရွယ်အောင်မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ရာတွင် ပြည့်စုံရမည့် အချက်များကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဂွါဇာ‌‌လေးမှ ရပ်/ကျေးအလိုက် ကြီးကြပ်ရေးအဖွဲ့၏ ဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန်များ ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းထားသည့် စည်းကမ်းချက်များကို လည်းကောင်း ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသည့် ကျေးရွာပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့သည်။

ဆက်လက်၍ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်နိုင်ရန်အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးဥပဒေ၊ နည်းဥပဒေနှင့်အညီ ကြီးကြပ်ရေးအဖွဲ့(၅)ဦးကို ဖွဲ့စည်းခဲ့သည်။

မြစ်ကြီးနားမြို့‌နယ်အတွင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကွင်းဆင်းရွေးချယ်ရေးအဖွဲ့အား တစ်ဖွဲ့လျှင်(၃)ဦးစီဖြင့် ကြီးကြပ်ရေး အဖွဲ့(၁၁)ဖွဲ့ ဖွဲ့ကာ ရပ်ကွက်(၂၈)ရပ်ကွက်နှင့် ကျေးရွာ(၁၇)အုပ်စုကို ၎င်းတို့၏ တာဝန်ကျရာ ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းစီစစ် ရွေးချယ်လျက်ရှိကြောင်း သိရသည်။

ယော်ဆောင်(ပြန်/ဆက်)