အလျင်လိုကျေးရွာ မျက်ဝန်းသစ်စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆွေးနွေးပွဲပြုလုပ်

ဇမ္ဗူသီရိ     ဇန်နဝါရီ      ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အလျင်လိုကျေးရွာရှိ မျက်ဝန်းသစ် စာကြည့်တိုက်အတွင်း၌ ကျင်းပ ခဲ့သည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက မိတ်ဆက် အမှာစကား ပြောကြားပြီး အလျင်လိုကျေးရွာ စာကြည့်တိုက် ကော်မတီဝင်များ အသစ်ပြန်လည်ဖွဲ့စည်းသင့်ကြောင်း၊ ပြန်လည် ဖွဲ့စည်းရာတွင် အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးသင့်ကြောင်း၊ မိမိကျေးရွာစာကြည့်တိုက် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ ကျေးရွာအတွင်းရှိ ပြည်သူများနှင့် ကျောင်းသား/သူများအား စာဖတ်ချင်လာအောင် စည်းရုံးဆောင်ရွက်ပေးကြရန်၊ ရရှိပြီး စာအုပ်/စာစောင်များ တိုးပွားရေးနှင့် မပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသော ကျေးရွာအတွင်းရှိ စာကြည့်တိုက်ကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့် တဲကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ပြန်လည်ဖြေကြားပေးခဲ့သည်။ ဆွေးနွေးပွဲသို့ ဇမ္ဗူသီရိ မြို့နယ် ပြန်/ဆက် ဦးစီးမှူးဒေါ်နီလာစိုး၊ အလျင်လိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သန်း၊ ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များ နှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)