ဗန်းမော်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူကော်မတီများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ဗန်းမော်  ဇန်နဝါရီ 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် အလင်းဗန်းမော်ဒေသ ဘက်စုံဖွံ့ဖြိုးရေး အဖွဲ့တို့ ပူးပေါင်း၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူကော်မတီများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဗန်းမော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် အလင်းဗန်းမော်ဒေသ ဘက်စုံဖွံ့ဖြိုးရေးအဖွဲ့မှ ဒါရိုက်တာ ဦးဇော်ဂျာက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ဗန်းမော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးအောင် က အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် အလင်းဗန်းမော်ဒေသ ဘက်စုံဖွံ့ဖြိုးရေးအဖွဲ့မှ စီမံကိန်းညှိနှိုင်းရေးမှူး ဦးလွမ်းနောင်က ဆွေးနွေးပွဲ ရည်ရွယ်ချက်နှင့် အလင်းဗန်းမော်အဖွဲ့မှ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်နေမှု အခြေအနေကို တင်ပြပြီး စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးအောင်က ဌာန၏ ဆောင်ရွက်နေမှု လုပ်ငန်းစဉ်များ၊ အဓိကလုပ်ငန်း တာဝန်များ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ရာ တက်ရောက် လာသည့် ကျေးရွာတောင်သူကော်မတီ ကိုယ်စားပြု(၂၅)ဦးတို့က သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးကျော်စိုးအောင်က ပြန်လည်ဖြေကြား၍ ရှေ့ဆက်ဆောင်မည့် လုပ်ငန်းများ ပြန်လည် ဆွေးနွေးခဲ့ည်။

ဗန်းမော်မြို့နယ် စိုက်ပျိုးရေးဌာနမှ ဆောင်ရွက်နေမှု လုပ်ငန်းစဉ်များကို တောင်သူများ ကောင်းစွာ သိရှိစေရန်၊ စိုက်ပျိုးရေးနှင့် ပတ်သက်၍ ကျေးရွာတွင် တောင်သူ လယ်သမားများ တွေ့ကြုံနေရသော အခက်အခဲများကို တင်ပြ ဆွေးနွေးနိုင်စေရန်၊ ကျေးရွာတောင်သူ လယ်သမားများ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ငန်းများ လုပ်ဆောင်ရာတွင် ဗန်းမော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲကျင်းပရခြင်း ဖြစ်ကြောင်း အလင်းဗန်းမော်ဒေသ ဘက်စုံဖွံ့ဖြိုးရေး အဖွဲ့မှ ဒါရိုက်တာ ဦးဇော်ဂျာထံမှ သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)