တွံတေး ဇန်နဝါရီ ၂၉
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် တွင် လမ်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၏ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်မည့် တင်ဒါအောင် ကုမ္ပဏီများနှင့် တာဝန်ရှိသူများ တွေ့ဆုံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက အမှာစကားနှင့် ဆောင်ရွက် မည့်လုပ်ငန်း အမျိုးအစားများနှင့် ကျေးရွာတစ်ခုချင်းစီအလိုက် ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်မြင့်က တင်ဒါအောင် ကုမ္ပဏီများအနေဖြင့် မိမိလုပ်ငန်းကို အရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက် ပေးစေလိုကြောင်း၊ သက်ဆိုင်ရာဌာန များမှလည်း အပတ်စဉ် လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ကြီးကြပ်ဆောင်ရွက် သွားမှာဖြစ်ပြီး အရည်အသွေး စစ်ဆေးမည့် QC ကုမ္ပဏီကလည်း အနီးကပ်ကြီးကြပ်နေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော တင်ဒါအောင်ကုမ္ပဏီ (၁၃)ခုက မိတ်ဆက်ခြင်းနှင့် ဒေသမြေပြင် ပကတိအခြေအနေ အခက်အခဲ များ တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဆောင်ရွက်နိုင်ရေးဒေသသို့ ကွင်းဆင်း ကြည့်ရှုပြီး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မျိုးလှိုင် (တွံတေး)