ပင်လောင်း ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကျေးရွာအသီးသီးမှ ထွက်ရှိသော ကော်ဖီစေ့ များ ကို ထာငိုကျေးရွာရှိ ရွက်ပုန်းသီးကော်ဖီ စက်ရုံ(Behind the Leaf)က ဝယ်ယူ၍ ပင်လောင်းမြို့နယ်၊ ဖြူးရှားရွာတွင် ဒေသခံများခေါ်ယူ၍ အခြောက်လှန်းနေကြသဖြင့် ဒေသခံများ တစ်ပိုင်တစ်နိုင်ရရှိကြောင်း သိရသည်။
ကော်ဖီစေ့များ အခြောက်လှန်းရာတွင် ရွက်ပုန်းသီးကော်ဖီစက်ရုံက ဒေသခံများကို ခေါ်ယူ၍ ကော်ဖီစေ့လှန်းခြင်း လုပ်ကိုင် စေကြောင်း၊ ကျေးရွာအသီးသီးက ထွက်ရှိသော ကော်ဖီစေ့များကို ဝယ်ယူ၍ ဖြူးရှားရွာသို့ သယ်ရကြောင်း၊ ကော်ဖီစေ့များကို ရေဖြင့်စနစ်တကျ ဆေးကြော၍ အစေ့များကို စနစ်တကျရွေးချယ်ရကြောင်း၊ အစေ့အောင်သည့်ကော်ဖီနှင့် မအောင်သည့် ကော်ဖီစေ့များကို စနစ်တကျ ခွဲထား၍ အခြောက်လှန်းကြရကြောင်း၊ အစေ့များကို ခြောက်သွေ့ အောင် တစ်လဝန်းကျင်ခန့် လှန်းကြရကြောင်း၊ ကော်ဖီစေ့ တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ ဖြင့် ပေးဝယ်ရကြောင်း၊ အသီးများလှန်းရာတွင် ဒေသခံများကို တစ်ရက် ကျပ် ၅၀၀၀ နှုန်းဖြင့် နေ့တွက် လုပ်အားခပေး၍ လုပ်ကိုင်ရသောကြောင့် ဒေသခံများအနေဖြင့် မိသားစု ဝင်ငွေတစ်ပိုင် တစ်နိုင်ရရှိကြကြောင်း သိရသည်။
“ကော်ဖီစေ့တွေကို ပင်လောင်းမြို့နယ် ဝါးလီးရွာ၊ ပင်ကာလရွာ၊ ပင်ခွန်ရွာ၊ ပိန္နဲကုန်းရွာနဲ့ ဝါးရန်ရွာ အဝယ်ကိုယ်စားလှယ်များမှ သောကြာနဲ့စနေကလွဲလို့ လိုက်သိမ်းပေးရတယ်၊ အဲဒီရွာ က ကော်ဖီစေ့တွေက တစ်ရက်ကို ပိဿာချိန် ၃၀၀၀၊ ၄၀၀၀ ရတာပေါ့၊ အခုတစ်ရက်တော့ ပိဿာချိန် တစ်ထောင်ကျော်ကျော်ပဲရတယ်၊ ကော်ဖီစေ့တွေ ဒီဖြူးရှားရွာ ရောက်တာနဲ့ ပိဿာ ချိန်၊ ပြီးတာနဲ့ ရေနဲ့ဆေးကြောရပါတယ်၊ အမှိုက်လည်း ပြောင်အောင်လို့ရယ် ရေပေါ်သီးတွေကို ထုတ်တယ်၊ရေပေါ်သီးတွေကို သပ်သပ်စီ ထုတ်လှန်း ရတယ်၊ ကော်ဖီစေ့တွေ ခြောက်အောင်လို့ တစ်ရက်ကို သုံးကြိမ်မွှေပေးရတယ်၊ ဒေသခံတွေလည်း နေ့တွက်လုပ်အားခ တစ်ရက် ၅၀၀၀ ရတယ်ဆိုတော့ မိသားစုဝင်ငွေ တစ်ပိုင်တစ်နိုင်ရပါတယ်” ဟု ရွက်ပုန်းသီး ကော်ဖီစက်ရုံမှ ဦးခွန်အောင်ကြီးက ပြောကြားခဲ့သည်။
ကော်ဖီစေ့များကို ဖြူးရှားရွာအပြင် ကော်ဖီစက်ရုံရှိရာ ထာငိုကျေးရွာ၏ အနီးပတ်ဝန်းကျင် ကျေးရွာများလည်း ကော်ဖီစိုက်ပျိုးခြင်း လုပ်ငန်းကို လုပ်ကိုင်ကြ သောကြောင့် အဆိုပါဒေသရှိ ဒေသခံပြည်သူများ မိသားစုဝင်ငွေများရရှိကြကြောင်း သိရသည်။
ခွန်ရဲမင်းပိုင်(ပင်လောင်း)