လင်းခေးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆန်းစစ်သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

လင်းခေး  ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ခု ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဆန်းစစ်သုံးသပ် ဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၇ ရက်နံနက် ၁ဝ နာရီက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘသိန်းက အဖွင့်အမှာစကား ပြောကြားပေးပြီး မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းက မြစိမ်းရောင်စီမံကိန်းကျေးရွာများအား အမှာစကား ဆက်လက်ပြောကြားခဲ့သည်။

ယင်းနောက် မြစိမ်းရောင်စီမံကိန်းကျေးရွာများမှ ကော်မတီဝင်များက ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်းများ၏ တွေ့ကြုံခဲ့ရသော လုပ်ငန်းအခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များနှင့်စပ်လျဉ်း၍ မြစိမ်းရောင်စီမံကိန်း ကျေးရွာများအသီးသီးအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီဝင်များက ဆက်လက်အကြံပြုဆွေးနွေး ပေးခဲ့ကြပြီး မြို့နယ်ဦးစီးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ကာ ဆွေးနွေးပွဲကို ရုတ်သိမ်းလိုက်သည်။

ဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း  ကျေးရွာစုစုပေါင်း (၃ဝ)ရွာမှ တာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ တက်ရောက် ခဲ့ကြကြောင်း  သိရသည်။

စိုင်းဇော်လတ်(လင်းခေး)