မိုင်းလုံ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ရေပေးဝေရေးကော်မတီမှ ဖြူစင်မေတ္တာလူမှု ကူညီရေးအသင်းထံ လူနာတင်ယာဉ် တစ်စီး ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမတွင် ကျင်းပ ဆောင်ရွက် ခဲ့သည်။
အခမ်းအနားတွင် ရေပေးဝေရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး ရေပေးဝေရေးကော်မတီအတွင်းရေးမှူး ဦးထွန်းကျော်မှ လူနာတင်ယာဉ် လူဒါန်းရခြင်းနှင့်ပတ်သတ်၍ အကျယ်တဝင့် ပြောကြားခဲ့သည်။
ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းသည် မိုင်းလုံမြို့တွင် ကျန်းမာရေးနှင့်ပတ်သတ်၍ အရေးပေါ်ကိစ္စများ ဖြစ်ပေါ်လာပါက မိုးကုတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးရပြီး လူနာတင်ကားနှစ်စီး ရှိသော်လည်း တစ်စီးသာမောင်း၍ရသောကြောင့် အချို့နေ့များတွင် အရေးပေါ် လူနာ(၂)ဦး ထက်ကျော် လွန်ပါက လူနာတင်ယာဉ်လုံလောက်မှု မရှိသည့်အတွက် အခက်အခဲများဖြစ်ရပါသည်။၊ ယခုလို လိုအပ် နေသော လူနာတင်ကားကို လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်း နာယက ဦးခင်မောင်လေးက ပြောကြားခဲ့သည်။
ထို့နောက် ကားအမျိုးအစား (ALPHARD) တန်ဖိုး(၆၂)သိန်း လူနာတင်ယာဉ်ကို မိုင်းလုံမြို့ရေပေးဝေရေး ကော်မတီကဖြူစင် မေတ္တာလူမှုကူညီရေး အသင်းထံ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
ဇော်ဇော်(ပြန်/ဆက်)