ကွန်ဟိန်း ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲအား ယနေ့နံနက်(၉) နာရီခွဲအချိန်ခန့်က နမ့်ပန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ယင်းနောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမှတ်(၁)ဦးစိုင်းစံထွန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဦးစိုင်းအောင်ကျော်ဦး တို့က အမှာစကားပြောကြားခဲ့ကြပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ဆူးက မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းကျေးရွာများတွင် တွေ့ကြုံရ သည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားနည်းချက် ၊အားသာချက်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ကျေးရွာများမှ ပြန်လည် ဆွေးနွေးတင်ပြခဲ့ကြသည်။ ကွန်ဟိန်းမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာ (၂၆)ရွာရှိပြီး ဆွေးနွေးပွဲအား ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သဲမာ(ပြန်/ဆက်)