နမ့်စန်(တ) ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၈နာရီခွဲ က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်၍ မြို့နယ်ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံရှိ စုရပ်၂ခုတွင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ဦး က ဦးစီးကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ကာကွယ်ဆေးထိုးနေမှုကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဦးစီးကော်မတီ နာယက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ ၊ မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး ဦးစီးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။
နမ့်စန်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၂၁လုံး ရရှိပြီး နမ့်စန်မြို့နယ်ရှိ ကျန်းမာရေး ဝန်ထမ်း ၁၀၁ ဦး နှင့် ခိုလမ်မြို့ ရှိကျန်းမာရေးဝန်ထမ်း ၉၂ ဦး ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသည့်လမ်းညွှန်ချက်များနှင့်အညီ အထူးကြပ်မတ်၍ ကာကွယ်ဆေးစတင်ထိုးပေးခြင်းဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ဦးထံမှ သိရသည်။
သူရအောင်(ပြန်/ဆက်)