ကျေးသီး ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများ စားဝတ်နေရေးအခက်အခဲ မဖြစ်ပေါ်စေရန် အတွက် နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်း က မြို့ပေါ်ရပ်ကွက်(၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် ထပ်တိုးအိမ်ထောင်စုများထံသို့ (ပဉ္စမအကြိမ်)ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေ ၏ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းတို့ ပါဝင်သည့် အဖွဲ့(၄) ဖွဲ့တို့က ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန် ရည်ရွယ်၍ စျေးရပ်ကွက်၊ ဟော်ကုန်းရပ် ကွက်နှင့် ဝမ်ဖွီး၊ ပန်စယ်၊ နားလွိုင်၊ ဝမ်ဝ၊ နောင်ဆွမ်း၊ မိုင်းကောင်၊ မိုင်းနင်၊ ဝမ်ချင်၊ ဝမ်ခုန့်ကျေးရွာအုပ်စု အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု (၁၁၂၆)စုတို့အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀/-) နှစ်သောင်းကျပ်နှုန်းတိတိဖြင့် ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သဲစုပိုင်(ပြန်/ဆက်)