မိုင်းလုံမြို့ အလယ်ရပ်ကွက်တွင် ပြည်သူများစုပေါင်း၍ ရေနှုတ်မြောင်းဆောင်ရွက်

မိုင်းလုံ ဇန်နဝါရီ  ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အလယ်ရပ်ကွက်တွင် ပြည်သူများစုပေါင်း လှူဒါန်းမှုဖြင့် လမ်းဖြတ်ကူးရေနှုတ်မြောင်းအသစ် ဖောက်လုပ်ခြင်းကို ဇန်နဝါရီ  (၂၆) ရက်နေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။

အဆိုပါ လမ်းဖြတ်ကူးရေနှုတ်မြောင်းသည် ယခင်ကကျောက်ခဲဖြင့် ဆောင်ရွက်ထားသောကြောင့် နှစ်ကြာလာသည့်အတွက် ရေမြောင်းသည် နိမ့်ကာရေစီးမကောင်း၍ မိုးရာသီတွင်အနီးရှိ အိမ်ခြံဝန်းများသို့ ရေဝင်သောကြောင့် ယခုလိုပွင့်လင်းရာသီ ရောက်သောအခါ ပြည်သူများမှ စုပေါင်း၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး ရေနှုတ်မြောင်းကို အလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်လွင် က ဦးဆောင်၍ ရပ်ကွက်နေပြည်သူများမှ လုပ်အားဒါနနှင့်  ကွန်ကရစ်ရေထွက်ပြွန်ပေါက် (၆)လုံးကို  ဦးဇော်ဝင်းထွန်း မိသားစု၊ ဘိလပ်မြေ၊ သဲ၊ ကျောက်များကို ဦးထွန်းစိန် မိသားစု၊ ဦးစိန်ဟန် မိသားစု၊ ဦးစံပီး မိသားစု၊ ဦးအောင်လွင် မိသားစု၊ ဒေါ်နွံမိသားစု၊ ဒေါ်ခင်မို့မို့အေးမိသားစုနှင့် ပီတာဝမ်းမိသားစုတို့က စုပေါင်း၍ အသီးသီး လှူဒါန်းခဲ့ကြသည်။

အရှည် (၁၈)ပေ အကျယ်(၃)ပေရှိ လမ်းဖြတ်ကူးရေနှုတ်မြောင်း ကွန်ကရစ်ခင်းခြင်းကို  အလယ်ရပ်ကွက်အတွင်း နေထိုင်သော ပန်းရံဆရာများက ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဇော်ဇော်(ပြန်/ဆက်)