မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နိုင်ငံတော်မှ အခြေခံအိမ်ထောင်စုများအား ဒုတိယအကြိမ်အဖြစ် ထောက်ပံ့ပေး

ရန်ကုန် ဇန်နဝါရီ  ၂၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နိုင်ငံတော်မှ ဒုတိယကြိမ်အဖြစ် အခြေခံ လူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့သည့် ငွေကျပ် (၄၀၀၀၀) ကျပ်အား  ယနေ့ နံနက်ပိုင်း အချိန်မှ စတင်ကာ ရပ်ကွက်များအလိုက် ပြည်သူများ လက်ဝယ်အရောက်  ထောက်ပံ့ပေးအပ်လျက်ရှိ ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဒုတိယအကြိမ်အဖြစ် နိုင်ငံတော်မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ငွေကျပ် (၄၀၀၀၀) ကျပ်စီဖြင့် ထောက်ပံ့ပေးအပ်ရာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရပ်ကွက်(၂၀) ရှိသော်လည်း ရပ်ကွက်(၁၉)ခုမှ အိမ်ထောင်စု(၁၀၄၇၇)စုသာ လျှောက်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထောက်ပံ့ငွေ လျှောက်ထားသည့် အိမ်ထောင်စု(၁၀၄၇၇)အတွက် ထောက်ပံ့ကြေး ငွေများကို အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ခြင်းများကို မြို့နယ်ဌာနဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။ ထောက်ပံ့ကြေးရရှိသော ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရချိန်၌ ယခုကဲ့သို့ နိုင်ငံတော်မှ ထောက်ပံ့ပေးမှု အတွက် များစွာဝမ်းမြောက်လျက်ရှိကြောင်းလည်း ပြည်သူများထံမှ သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)