ခရမ်း ဇန်နဝါရီ ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရန်ကုန် တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက (၂၀၁၄-၂၀၁၅)မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ခဲ့သော မြစိမ်းရောင်ကျေးရွာ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှတိုး၊ ဦးသိန်းဇော်လတ် တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်က ခရမ်း မြို့နယ်အတွင်း ဆောင်ရွက်နေသော မြစိမ်းရောင် စီမံကိန်းလုပ်ငန်း အောင်မြင်တိုးတက် မှုများနှင့် လက်ရှိဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီး ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ခဲ့သော မြစိမ်းရောင်ကျေးရွာလုပ်ငန်းများ ဆောင်ရွက်ထားမှုများအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျေးရွာမြစိမ်းရောင်ကော်မတီများမှ အုပ်စု(၃) စုခွဲကာ စီမံကိန်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အားသာချက်/အားနည်းချက်များကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်ရလဒ်များ အား တစ်ဖွဲ့ချင်းစီ ချပြရှင်းလင်းကြရာ အကြံပြုချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ် များက လိုအပ်သော ပေါင်းစပ်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)