ဒဂုံ(ဆိပ်ကမ်း) ဇန်နဝါရီ ၂၈
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ကြီးကြပ်ရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများအား အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်း(၂)နာရီက ဒလဘမ်းကျေးရွာရှိ ရွာဦးကျောင်းဓမ္မာရုံတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အဆင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် အဖွဲ့(၃) မှ အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်ဦးဆောင်သော အဖွဲ့မှ မိမိတို့တာဝန် ကျရာ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ဆွေးနွေးခဲ့ကြ ခြင်းဖြစ်ပြီး ဆွေးနွေးပွဲများသို့ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖ များ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ တက်ရောက်ခဲ့ကြပြီး မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းရာ ကြီးကြပ်ရေး တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အလားတူ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများကို မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများဖြင့် ဖွဲ့စည်းထားသည့် ကြီးကြပ်ရေးအဖွဲ့(၄)ဖွဲ့ဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၀)အုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
နန်းရွှေကြည်(ပြန်/ဆက်)