လွိုင်လင် ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန် က ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ဇီဝကခန်းမဆောင်တွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
လွိုင်လင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (၄၂)လုံး လက်ခံရရှိပြီး ဆေးတစ်လုံးလျှင် လူ(၁၀)ဦး ထိုးနှံရမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း(၃၅၄)ဦးတို့အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းကာကွယ်ဆေး ထိုးနှံရာတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ ဆေးသောက်နေရသည့် ဝန်ထမ်းများ၊ ကိုယ်ခံအားနည်းနေသည့် ဝန်ထမ်းများ ထိုးနှံပေးခြင်း မရှိကြောင်းနှင့် ယခုကဲသို့ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကာကွယ်ဆေးများထိုးနှံထားသည့် အတွက် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ယုံကြည်မှုအပြည့်ဖြင့် ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း လွိုင်လင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးဇော်ထံမှ သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ညွှန်ကြားချက် များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများကို (၂၈)ရက်အကြာတွင် ဒုတိယ အကြိမ် ထပ်မံထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးနေမှုအား ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရဲထွဋ်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းသန့်(ပြန်/ဆက်)