ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

ဟိုပုံး   ဇန်နဝါရီ  ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်မှ စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဟိုပုံးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၆၂)ဦးတို့အား စတင်ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများသည် ရက်သတ္တပတ်(၄)ပတ် (၂၈)ရက်နေ့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာ မောင်မောင်သိန်း ထံမှ သိရသည်။

ပထမအကြိမ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးနန်းတင့်နှင့် မြို့နယ် စည်ပင်သာယာဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့် တို့က သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားခဲ့ ကြောင်း သိရသည်။

နေမင်းထွန်း(ခရိုင်၊ပြန်/ဆက်)