ကွတ်ခိုင် ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကုသရေးနှင့်ကျန်းမာရေးဝန်ထမ်း (၁၀၀) ဦး အား ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူဆေးရုံ စုရပ်နေရာ၌ ကိုဗစ်−၁၉ ကာကွယ်ဆေး(ပထမအကြိမ်) စတင်ထိုးနှံပေးသည်။
ကွတ်ခိုင်မြို့နယ်အတွင်း ထိုးနှံပေးမည့်ကိုဗစ်−၁၉ ကာကွယ်ဆေးများကို အားကစားနှင့် ကျန်မားရေး ဝန်ကြီးဌာနမှ သတ်မှတ်သည့် ဦးစားပေး အုပ်စုအတိုင်း ညွှန်ကြားချက်များနှင့်အညီ အဆင့်ဆင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဝင့်ဝင့်မြိုင်က ပြောကြားသည်။
“အခုပထမအကြိမ်စပြီးထိုးပေးတဲ့ ကိုဗစ်−၁၉ကာကွယ်ဆေးတွေက အိန္ဒယနိုင်ငံကနေ မြန်မာနိုင်ငံကို လှူဒါန်းထားတဲ့ ကာကွယ်ဆေးတွေဖြစ်ပြီးတော့ မနေ့ညက ရောက်လာတယ်၊ ဒီနေ့မှာမြို့နယ်အတွင်းမှာရှိတဲ့ ကုသရေးနှင့်ကျန်းမာရေး ဝန်ထမ်းတွေကိုစပြီးထိုးပေးတာပါ၊ ကာကွယ်ဆေးမထိုးခင်မှာ သတ်မှတ်ညွှန်ကြားချက်တွေနဲ့အညီ ကြိုတင် ပြင်ဆင်ထားပြီး ထိုးပေးတယ်၊ ကိုယ်ဝန်ဆောင်နဲ့ တခြားကျန်းမာရေးအပိုင်း လိုအပ်ချက်ရှိနေတဲ့ သူတွေကို မထိုးပေးပါဘူး” ဟု ဒေါက်တာဝင့်ဝင့်မြိုင်က ပြောကြားသည်။
ကွတ်ခိုင်မြို့နယ်အနေဖြင့် အန္ဒိယနိုင်ငံမှ လှူဒါန်းထားသည့် ၁ဒဿမ၅သန်းသော ကာကွယ်ဆေးများအနက် (၂၃)လုံးရရှိကာ ဆေး(၁)လုံးကို လူ(၁၀)ဦး ထိုးနှံပေးပြီး စုစုပေါင်း ကုသရေးနှင့်ကျန်းမာရေးဝန်ထမ်း (၂၀၈)ဦးတို့ကို တစ်နေ့လျှင် လူ(၁၀၀)နှုန်းဖြင့်(၂)ရက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးများ ထပ်မံရရှိလာပါက သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)