မိုးနဲ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် (အ-ထ-က) ကျောင်းတွင် Community Based Facility Quarantine Center ဝင်ရောက်နေသူ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ Positive ပိုးတွေ့ရှိကြောင်း ယမန်နေ့ညနေပိုင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အမျိုးသမီးမှာ အသက် ၂၉ နှစ်ရှိပြီး ကျောက်ပန်းတောင်းမြို့နယ်၊ အင်တောကျယ်ကျေးရွာရှိ ၎င်း၏နေအိမ်တွင် မိသားစုဝင်များနှင့်အတူ နေထိုင်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်မှ တောင်ကြီးမြို့သို့ စင်းလုံးငှားယာဉ်ဖြင့်ထွက်ခွာခဲ့ရာ ဇန်နဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းအချိန်တွင် တောင်ကြီးမြို့သို့လည်းကောင်း၊ တောင်ကြီးမြို့မှ စင်းလုံးငှားယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ မိုးနဲမြို့သို့ ညနေပိုင်းအချိန်တွင် ရောက်ရှိခဲ့ပြီး အ.ထ.က (မိုးနဲ) Community Based Facility Quarantine Center တွင် Quarantine ဝင်ရောက်နေခဲ့ကာ Quarantine ဝင်ရောက်နေသူများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇင်မီဟန် ဦးစီးအဖွဲ့မှ တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲခန်းသို့ ၎င်းတို့၏ နှာခေါင်း/ အာခေါင်တို့ဖတ်တို့ကို ပေးပို့စစ်ဆေးရန်အတွက် ဇန်နဝါရီ ၂၅ ရက်နေ့တွင် မိုးနဲမြို့မှ တောင်ကြီးမြို့သို့ ပို့ဆောင်ခဲ့ရာ ယမန်နေ့နံနက်ပိုင်း ဓါတ်ခွဲအဖြေအရ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာအမျိုးသမီးအား မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံ Isolation Ward သို့ပြောင်းရွေ့ထားရှိပြီး ဆေးရုံတွင်ဆေးကုသမှုခံယူလျှက်ရှိကာ ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်းနှင့် မိုးနဲမြို့ အ-ထ-က ကျောင်း Community Based Facility Qurentine Center တွင် Qurentine ဝင်ရောက်နေသူ (၄၅) ဦးအနက်မှ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ Positive ပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)