ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

ကျောက်တလုံးကြီး  ဇန်နဝါရီ  ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် ပတ်သက်၍ မိတ်ဆက် ရှင်းလင်းခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်ခန့် က ကျောက်တလုံးကြီးမြို့၊  နောင်ပစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းနိုင် က အဖွင့်အမှာ စကားပြောကြားပြီး တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင် က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းက (VDP) စီမံကိန်းအကြောင်းအား ရှင်းလင်းပြောကြားပြီး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်တလုံးကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဒုတိယဦးစီးမှူးများ၊ နောင်ပစ်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နောင်ပစ်ကျေးရွာ ပုံဆွေပင်ဘုန်းတော်ကြီးကျောင်းတွင် မွန်းလွဲ၁နာရီခန့် က မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပရာ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသန်းနိုင် က အဖွင့်အမှာစကား ပြောကြားပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်ဇင်မျိုးနွယ် က မြစိမ်းရောင် ကျေးရွာ စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြစိမ်းရောင်ကျေးရွာကော်မတီများကို ဖွဲ့စည်းခဲ့ပြီး၊ အခမ်းအနားများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝင်း(ပြန်/ဆက်)