မိုင်းကိုင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆန်းစစ်သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

မိုင်းကိုင်   ဇန်နဝါရီ   ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊  မိုင်းကိုင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏  မြစိမ်းရောင် ကျေးရွာစီမံကိန်း  ဆန်းစစ် သုံးသပ် ဆွေးနွေးပွဲကို   ယမန်နေ့ နေ့လည်  (၁၁)  နာရီအချိန် က   မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး၌  ကျင်းပပြုလုပ်ခဲ့ရာ  မြို့နယ်စီမံခန့်ခွဲမှုကော်မတီ  ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာကိုယ်စားလှယ်များ  တက်ရောက်ခဲ့ကြသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရဲထွန်းအောင် က အဖွင့်အမှာစကား ပြောကြားပြီး     မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန   ဦးစီးမှူး ဦးခွန်ကျော်စိမ်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ မိုင်းကိုင်မြို့နယ်အတွင်း  မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာပေါင်း (၆၀)ရွာ၊ ချေးငွေယူနစ်ပေါင်း (၃၄)ယူနစ်ကို ထုတ်ချေး ပေးနိုင်ခဲ့မှုနှင့် ပတ်သက်၍ ကျေးရွာကော်မတီများအနေဖြင့် ရှေ့ဆက်ဆောင်ရွက်လိုသော လုပ်ငန်းစဉ်များ၊ အခက်အခဲများကို ဆွေးနွေးမေးမြန်းခဲ့ရာ တက်ရောက်လာကြသော ကျေးရွာကိုယ်စားလှယ်များက  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လို သည့် လုပ်ငန်းစဉ်များကို အသီးသီးပြန်လည်ဆွေးနွေးကာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

မိုင်းကိုင်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ချေးငွေပေါ် အတိုးရငွေကျပ် ၄၁၇.၈၇၆၆၂ သန်း  ရရှိခဲ့ပြီး  အမြတ်ငွေများ ထဲမှ  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအဖြစ်   နမ့်ပါယန်းကျေးရွာ  မြေသားလမ်းဖောက်လုပ်ခြင်း  (၃) မိုင်အတွက် ငွေကျပ်သိန်းငါးဆယ်၊  ပန်စံခမ်းကျေးရွာ၊ ဝမ်စောက်ကျေးရွာ၊ ဝမ်ဖွီးကျေးရွာ (၃) ရွာအတွက်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းပံ့ပိုးငွေ  တစ်ရွာလျှင် ငွေကျပ်ငါးသိန်းစီနှင့် ဝမ်ဖွီးကျေးရွာအတွင်း ၁၀' × ၃' × ၂' ရေပြွန်(၂)စင်း ၊ ၁၄' × ၅' × ၅'  Box Culvert တစ်စင်း တို့ကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်  အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း  ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ဆွေးနွေးချက်များမှ  သိရသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)