လှည်းကူးမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

လှည်းကူး ဇန်နဝါရီ ၂၈

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား အိန္ဒိယ နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်း အဝေးခန်းမနေရာတို့တွင် အဖွဲ့ (၂)ဖွဲ့ခွဲ၍ ထိုးနှံပေးခဲ့သည်။

လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဆွေနှင့် အနောက်ပိုင်း ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ဒေါက်တာ အောင်သက်နောင်တို့ ဦးဆောင်၍ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း(၁၁၁)ဦးနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှ ကျန်းမာရေးဝန်ထမ်း(၁၄၃)ဦး  စုစုပေါင်း လှည်းကူးမြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်း(၂၅၄)ဦးတို့ကို အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ်ထိုးနှံမှု ပြုလုပ်လျက်ရှိပါတယ်၊ ဒီဆေးကို ပထမအကြိမ် စတင်ထိုး နှံ ခြင်းဖြစ်တဲ့အတွက် ကာကွယ်ဆေးနှင့် ဓာတ်မတည့်မှုဖြစ်ပွားလျှင် ထိရောက်သော ကုသမှု ကို အမြန်ဆုံးပေးနိုင်ရန် အဆိုပါ ကာကွယ်ဆေးထိုးနှံပြီးသူများကို (၃၀)မိနစ်စောင့်ဆိုင်း ကြည့်ရှု ထားပြီး အရေးပေါ်ကုသခန်း(၂)ခန်းကိုလည်း စီစဉ်ဆောင်ရွက်ထားကြောင်း၊ ကာကွယ် ဆေးထိုးနှံခြင်းကို ဇန်နဝါရီ(၂၇)ရက်နေ့မှ ဇန်နဝါရီ(၂၈)ရက်နေ့ထိ Social Distancing နှင့်အညီ ထိုးနှံသွားမည်ဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အထောက်အကူပြု စေရန် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ၁ ဒသမ ၅ သန်းကို ဇန်နဝါရီ(၂၂)ရက်က ပထမအကြိမ် ထောက်ပံ့မှုရရှိခဲ့ပြီး လှည်းကူးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD (၂၈) ပုလင်းရရှိခဲ့ရာ ဆေး(၁)ပုလင်းကို လူ(၁၀)ဦး နှုန်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ၁၈ နှစ်အောက် အရွယ်နှင့် နို့တိုက် အရွယ်မိခင်များကို ကာကွယ် ဆေးထိုးနှံပေးခြင်း မရှိသေးကြောင်း သိရသည်။

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ကာကွယ်ဆေး ထိုးနှံပြီးအချိန် များတွင် ဆေးထိုးသည့်နေရာမှ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ သွေးခြေဥခြင်း၊ မအီမသာဖြစ် ခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်း၊ ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်းနှင့် အဆစ်နာ ခြင်း/ကြွက်သား နာကျင်ခြင်းတို့ကို သာမာန်တုံ့ပြန်မှုအနေဖြင့် (၁၀)ရာခိုင်နှုန်းအထက် ဖြစ်ပေါ်တက်ကြောင်း သိရသည်။        

နိုင်လင်း(လှည်းကူး)