မိုင်းပျဉ်း ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ၊မိုင်းပျဉ်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်နိုင်ရေးထပ်ဆင့် အသိပညာပေးခြင်းနှင့်ကြီးကြပ်ရေး အဖွဲ့ရွေးချယ်ခြင်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က ယမ်းမိုင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိဦးစိန်ဝင်းက ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရွေးချယ်နိုင်ရေးအတွက် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသူများက ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦးကို ရွေးချယ်ခဲ့ကြသည်။
ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များရွေးချယ်ခြင်း ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား ထပ်ဆင့်ရှင်းလင်း ပြောကြားပြီး အုပ်ချုပ်ရေးမှူးများ၊ ကြီးကြပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ အားရွေးချယ်ခြင်းဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်နိုင်ရေးထပ်ဆင့် အသိပညာပေးခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်၍ ဆောင်ရွက် လျက်ရှိပြီး မိုင်းပျဉ်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စု(၃၁)အုပ်စု၌ ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သည့် မြို့နယ်ကြီးကြပ်ရေးအဖွဲ့(၇)ဖွဲ့ခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မေမွန်ထွဋ်၊ပြန်/ဆက်