ဆီဆိုင် ဇန်နဝါရီ ၂၈
ကျေးလက်နေပြည်သူများ ဘိန်းစိုက်ပျိုးမှုပပျောက်စေရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သိရှိနားလည်လာစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စု၊ ပချားကလိုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ဘိန်းစိုက်ပျိုးမှုလျော့နည်းပပျောက်စေရေး ကွင်းဆင်းအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူ ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်၊ မြို့နယ်ဥပဒေအရာရှိ ဦးဇော်မျိုးစေး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူခိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ကြင်၊ မြို့နယ်လဝကဦးစီးဌာနမှူး ဦးအောင်ဆန်းဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးခွန်အောင်နိုင်၊ ဘန်းယဉ်တိုက်နယ်ဆရာဝန် ဒေါက်တာမျိုးသက်ဦးတို့က ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မည့်လုပ်ငန်းစဉ်များအကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအကြောင်း၊ ပြည်သူများ သိသင့်သိထိုက်သည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့် အန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေအကြောင်းအရာများကိုလည်းကောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ်ပုံစံ(၇) လျှောက်ထားခြင်း ဆိုင်ရာများကို လည်းကောင်း၊ ဘိန်းအစားထိုးသီးနှံများ ပြောင်းလဲစိုက်ပျိုးရေးအကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေများကို လည်းကောင်း၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အကြောင်းများကို လည်းကောင်း အသီးသီး အသိပညာပေးဟောပြောပြီး တက်ရောက်လာသော ဒေသခံပြည်သူများက ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)