ပင်းတယ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ ထင်းရှူးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရပ်ရွာအခြေပြု ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေးအောင်ပွဲ မင်္ဂလာအခမ်းအနားနှင့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များနှင့် အန္တရာယ်ကင်း ကမ္မဝါစာများ ရွတ်ဖတ်သရဇ္ဇယ်တော်မူပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
ထို့နောက် ထင်းရှူးကုန်းကျောင်းတိုက်ဆရာတော် ဦးကဝိန္ဒာစာရနှင့် သံဃာတော်များအား ရှိခိုးကန်တော့၍ ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက် ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီ နာယကဆရာကြီး ဦးအောင်ပွက လျှပ်စစ်မီးရရှိရေးဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဖတ်ကြားပေးပြီး မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ညွှန့်နှင့် အဖွဲ့ဝင်များက လျှပ်စစ်မီးလင်းရေးအောင်ပွဲ အထိမ်းအမှတ်စကားများကို အသီးသီးပြောကြားပေးကာ အောင်ပွဲမင်္ဂလာအခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။
လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း မြေကွက်လပ်တွင် တပ်ဆင်ထားသော 100 KVA ထရန်စဖော်မာအား ရပ်ရွာမီးလင်းရေးတွင် ဦးဆောင်ပါဝင်ခဲ့သော အရှင်နန္ဒဝံသနှင့် မီးလင်းရေးကော်မတီဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ထင်းရှူးကုန်းကျေးရွာ ကိုယ်ထူကိုယ်ထလျှပ်စစ်မီးလင်းရေးအတွက် (NEP)မှ 11 KV လျှပ်စစ်ဓာတ်အားလိုင်းနှင့် 100 KVA ထရန်စဖော်မာအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် 400KV လျှပ်စစ်ဓာတ်အားလိုင်းကြိုး သုညဒသမ(၅)မိုင်အား လည်းကောင်း၊ ထင်းရှူးကုန်းကျောင်းတိုက် ဆရာတော်နှင့်သံဃာတော်များ၊ ကျေးရွာသူ/ ကျေးရွာသားများမှ ထည့်ဝင်လှူဒါန်းငွေကျပ် (၂၃၅)သိန်းဖြင့် ၂၀၁၈ နှစ်ကုန်ပိုင်းမှစတင်၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလလယ်၌ မီးတိုင်စိုက်ထူခြင်း၊ လျှပ်စစ်ထရန်စဖော်မာနေရာတည်ဆောက် တပ်ဆင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများသွယ်တန်းခြင်း၊ နေအိမ်အရောက်မီတာများ တပ်ဆင်ပေးခြင်းလုပ်ငန်းများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းသန့်ဇင်လင်းနှင့် ဝန်းထမ်းများက ကျေးရွာသူ/ကျေးရွာသားများနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ကြရာ ယနေ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းအပါအဝင် အိမ်ခြေ(၇၃)အိမ်ကို လျှပ်စစ်မီးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပင်းတယ)