ပေါင်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင် ထိုးနှံပေး

ပေါင် ဇန်နဝါရီ ၂၇

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်း များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က ပေါင်မြို့ ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ၀န်ထမ်းများစုစုပေါင်း (၃၀၀)ဦးတို့အား ၂ ရက်ကြာ ထိုးနှံ‌သွားမှာဖြစ်ပြီး ပထမအကြိမ် ထိုးနှံပြီးသူများအနေဖြင့် ထိုးနှံပြီး (၂၈)ရက်အကြာ၌ ဒုတိယအကြိမ် ထပ်မံထိုးနှံရ မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ကြည်က ပြောသည်။

ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီးတို့တွင် လိုက်လံစာရင်းကောက်ယူခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင် ပြုလုပ်နေပြီး ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျန်းမာ‌ရေးဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးမှုများကို ပြုလုပ်ပေးထားပြီးဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါကိုဗစ်ကာကွယ်ဆေးသည် အသက် (၁၈) နှစ်အောက်နှင့် ကိုယ်ဝန်ဆောင်မိခင်များ အတွက် စမ်းသပ် ထားခြင်းမရှိသောကြောင့် အသက် (၁၈) နှစ်ပြည့်ပြီးသူများသာထိုးနှံခွင့်ရှိမည်ဖြစ်ပြီး ကိုယ်ဝန် လွယ်ထားသူများအား ကာကွယ်ဆေး ထိုးနှံပေးမည်မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကို ပထမဦးဆုံးရောက်ရှိလာသည့် အဆိုပါကိုဗစ်ကာကွယ်ဆေးသည် အောက်စဖို့စ် တက္ကသိုလ် အက်စထရာဇန်နကာ ကုမ္ပဏီနှင့်ကမာ္ဘ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သည့် အိန္ဒိယနိုင်ငံ (Serum Institute) တို့ ပူးတွဲထုတ်လုပ်သည့် ကာကွယ်ဆေးဖြစ်သည်။

ဝင်းမင်းသန်း(ပြန်/ဆက်)