ဒဂုံမြောက် ဇန်နဝါရီ ၂၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရပ်ကွက် /ကျေးရွာ အုပ်စုအုပ်ချုပ်ရေး ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေ များကို ရပ်ကွက်၊ အလိုက် အသိပညာပေးပြီးဖြစ်၍ ကြီးကြပ်ရေးအဖွဲ့ဝင်များ ဖွဲ့စည်းရွေးချယ်သည့်ကိစ္စ ဆောင်ရွက် ရာတွင် ပူးပေါင်းပါဝင် စေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများဖြင့် အကူအညီ ပေးရေး အဖွဲ့ ဖွဲ့စည်းခြင်း ၊ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရာတွင် နည်းဥပဒေပါအတိုင်း ကြိုတင်အသိပေး ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။
အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်မှလည်း ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီဆောင်ရွက်ပါက အောင်မြင်မည်ဖြစ်ကြောင်း၊ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက် /ကျေးရွာအုပ်ချုပ် ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် ကိစ္စများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)