ရန်ကုန် ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး၊ လျှပ်စစ်ဓာတ်အားစနစ် ပိုမိုကောင်းမွန် တည်ငြိမ်မှုရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှုအပေါ် လုံလုံ လောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ် လျှပ်စစ်ဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက်ရှိ တာမွေစျေးဟောင်း လမ်းတစ်လျှောက်တွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် 6.6kV ဓာတ်အားလိုင်းအသစ် သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပေး လျက် ရှိကြောင်း သိရသည်။
ယခုလို မြို့နယ်လျှပ်စစ်ဌာနမှ ဆောင်ရွက်ပေးနေမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးဖြစ်သူ ဦးမြင့်ထွန်းကလည်း " မြို့နယ် လျှပ်စစ် ဌာနက တာဝန်ရှိသူတွေအနေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ မလွတ်ကင်းတဲ့ သစ်ပင် သစ်ကိုင်းတွေကို ခုတ်ထွင် ရှင်းလင်း ပေးတာဟာ မြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ်ရာ ရောက်သလို နိုင်ငံတကာ အဆင့်မှီ လျှပ်စစ် ဓာတ်အားလိုင်းတွေ အသစ်တိုးချဲ့ ဖြန့်ဖြူးပေးတဲ့အတွက် ကျွန်တော်တို့ ရပ်ကွက်နေ ပြည်သူတွေအနေနဲ့ ယခင်ကထက် လျှပ်စစ်ဓာတ်အား တွေကို ဗို့အားပြည့်ဝစွာ ရရှိသုံးစွဲလာနိုင်လိမ့် မယ်ဆိုတာ ယုံကြည်မိပါတယ် " ဟု ပြောကြားသွားသည်။
နိုင်လင်းအောင်(ပြန်/ဆက်)