လယ်ဝေး ဇန်နဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် လယ်ဝေးမြို့ ခုတင်(၁၀၀)ဆေးရုံ၌ ယနေ့ နံနက်(၉)နာရီတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် လယ်ဝေးမြို့နယ် ခုတင်(၁၀၀)ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒာကျော်က ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို မေးမြန်းပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံပေးပြီးသူများအား မိနစ် (၃၀)အကြာ စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် ကျန်းမာ ရေးဝန်ထမ်း(၃၁၅)ဦးအား အဖွဲ့(၅)ဖွဲ့ခွဲ၍ ထိုးနှံပေးခဲ့သည်။ ထိုသို့ထိုးနှံပြီး ရက်သတ္တပတ် (၄)ပတ်ကြာမှသာ ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)