ရန်ကင်းမြို့နယ်တွင် Mask မတပ်သူများကို ဒဏ်ငွေပေးဆောင်စေခြင်းနှင့် Mask Campaign ဆောင်ရွက်

ရန်ကင်း  ဇန်နဝါရီ  ၂၇

ရန်ကုန်​အရှေ့ပိုင်းခရိုင် ၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ် နိုင်ရေး Mask Campaign များ၊ အသိပညာပေး လုပ်ငန်းများ၊ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်များကို လိုက်နာခြင်းမရှိသူများကို အရေးယူခြင်း စသော ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်ကော်မတီမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ မြို့နယ် အတွင်းရှိ ပြည်သူများ နေအိမ်မှ ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်နှာခေါင်းစည်း Mask များ မပျက်မကွက် တပ်ဆင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာကြစေရန် အတွက်  တာဝန်ရှိသူများက အသိပညာပေးပြီးဖြစ်ရာ ယနေ့ နံနက် ၈ နာရီခွဲ  အချိန်က ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မိုးကောင်းမှတ်တိုင်၊ ကံဘဲ့ဘူတာရုံ လမ်းနှင့် မြို့နယ်အတွင်း လူစည်ကားရာ ဈေးတစ်ဈေး ဖြစ်သော ကံဘဲ့ဘူတာဈေးအတွင်း  ပါးစပ်နှာခေါင်းစည်း (Mask) မတပ်ဆင်သူများကို ဒဏ်ငွေ ပေးဆောင် စေခြင်းနှင့် Mask Campaign ဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ Mask တပ်ဆင်သွားလာခြင်းမရှိ သူများအား ဒဏ်ပေးသည့်အနေဖြင့် Mask ဝယ်ယူစေပြီး ချက်ချင်းဝယ် ချက်ချင်းတပ်စနစ်ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ် ကိုဗစ်ကော်မတီမှ သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)