ရွှေကူ ဇန်နဝါရီ ၂၇
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၆၀)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၀၅)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး ကုန်တင်ယာဉ်မှ ရွှေကူမြို့ အမှတ်(၄)ရပ်ကွက် နေထိုင်သူ ယာဉ်နောက်လိုက် အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါ ကိုဗစ်−၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာသစ်(၁)ဦးအား ရွှေကူမြို့ လယ်ပြင်ကြီးရပ်ရှိ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာတိုက်ခန်း(ယာယီဆေးကုသဆောင်)သို့ ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း၊ ၎င်းနှင့်အတူလိုက်ပါလာသော ယာဉ်မောင်းအမျိုးသား(၁)ဦးအား ရွှေကူမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် ထားရှိကြောင်း၊ ၎င်းပိုးတွေ့လူနာနေထိုင်သည့် ရွှေကူမြို့ အမှတ်(၄)ရပ်ကွက်ရှိနေအိမ်အား အသွားအလာကန့်သတ် ထားရှိကာ မိသားစုဝင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေကူမြို့နယ်၌ ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာစုစုပေါင်း (၉၈)ဦးတွေ့ရှိခဲ့ပြီး (၈၈)ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်းကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)