ဇေယျာသီရိ ဇန်နဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက ဇေယျာသီရိ မြို့နယ် ကုတင်(၅၀)ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းတွင် ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာမောင်မောင်ချင်း ကြီးကြပ်၍ ဆေးထိုးအဖွဲ့များက ကာကွယ်ဆေးထိုးရန် လာရောက်ကြသည့် ကျန်းမာရေးဝန်ထမ်းအား ကာကွယ်ဆေးမထိုးမီအချိန်တွင် တစ်ဦးချင်းစီ သွေးပေါင်ချိန်ခြင်းနှင့် လိုအပ်သည့်အချက်များ စစ်ဆေးဆောင်ရွက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်း စုစုပေါင်း(၉၉)ဦးအား အိန္ဒိယနိုင်ငံထုတ် COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပေးခဲ့သည်။
ပထမအကြိမ်ကာကွယ်ဆေးထိုးနှံသူများကို လေးပတ်အကြာတွင် ဒုတိယအကြိမ်အဖြစ် ပြန်လည် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
အေးလင်းထွန်း(ပြန်/ဆက်)