ဒဂုံတောင် ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ မြို့နယ်ပြည်သူ့ ဆေးရုံတွင် ယနေ့ နံနက် (၉) နာရီအချိန်မှ စတင်၍ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွက် ရရှိရန် ကာကွယ်ဆေးအရေအတွက်အား မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၏ စိတ်ဆန္ဒသဘော ထားအား ကောက်ယူ၍ စတင်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ထို့သို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အထူးအလေးထား ဆောင်ရွက် ထားပြီး ဆေးထိုးနှံရန် လာရောက်သည့် ကျန်းမာရေးဝန်ထမ်းများအား ပထမသုတ်၊ ဒုတိယသုတ်၊ တတိယသုတ် ဟူ၍ အချိန်များခွဲဝေ၍ ထိုးနှံရန် လာရောက်ကြစေကြောင်း သိရှိရသည်။
ထို့အပြင် ယခုထိုးနှံပေးသော ကိုဗစ်ကာကွယ်ဆေးများကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အတွင်းရှိ မိဘပြည်သူများကိုလည်း အခမဲ့ထိုးနှံပေးရန် ရပ်ကွက်/ကျေးရွာအလိုက် လူဦးရေစာရင်း ကောက်ယူ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်သူဝင်းတို့မှ ကြီးကြပ်ကွပ်ကဲ၍ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)