ဥတ္တရသီရိ ဇန်နဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင်(၅၀)ဆံ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီမှ စတင်၍ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ် ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း (၈၃)ဦးအား (၄)ဖွဲ့ခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင်လည်း လိုအပ်သည့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာလင်းပြည်သိမ်းထံမှ သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်ကြိမ်နှင့်တစ်ကြိမ် ရက်သတ္တ(၄)ပတ်ခြား၍ နှစ်ကြိမ်ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်လိုက်နာနေထိုင်သွားကြရန် လိုအပ်ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)